Home Tutorials Text Effect ဆယ့်ကိုးဇူလိုင် မမေ့နိုင်

ဆယ့်ကိုးဇူလိုင် မမေ့နိုင်

KZO: ဗျို့ ဆရာဟန်... အမြန်အမြန်
HTN: ဘာလဲဗျ၊ အိုး... ဆရာကျော်ကိုး၊ လန့်လိုက်တာဗျာ၊ ဘာကိစ် ...
KZO: ဒီလမှာ နေ့ထူးနေ့မြတ်ရှိတာ သိလား။
HTN: သိဘူး၊ ဘာနေ့လဲ...
KZO: ဟာ... ခင်များဗျာ... အာဇာနည်လေ...
HTN: Rဇာနည် ဆိုတာ ဂန္ဓ၀င်ဆည်းဆာ ဆိုတဲ့ အဆိုတော်ကိုပြောတာမဟုတ်လား...
KZO: ဟာဗျာ... ကိုယ့်ဆရာက တယ်ဝေးသကိုး၊ သမိုင်းလေးဘာလေး သိအောင်လုပ်စမ်းပါဗျ။
HTN: သမိုင်းဆိုတာ၊ အုတ်ကျင်းနားက မှတ်တိုင်လား...
KZO: တော်ဗျာ... လိုရင်းပဲ ပြောတော့မယ်။ ကျုပ်အခု Graphic တစ်ခုလက်ခံထား လို့ဗျ။
HTN: အဲဒီတော့...
KZO: ဒီလိုဗျ၊ Desktop Wall Paper တစ်ခုပါဗျ။ ဗိုလ်ချုပ်ပုံကို စာတန်းထိုးဖို့...။
HTN: စာတန်းထိုးတာများ ဘာခက်တာမှတ်လို့လဲဗျ...
KZO: ဆရာ... ဆရာ၊ ကိုယ့်ကိုယ်ကိုယ် သိက္ခာမချပါနဲ့ဗျာ၊ ကလေးတောင်လုပ်တတ်တဲ့ အထာမျိုးဆိုရင် ဆရာ့ဆီလာပါ့မလားဗျ။
HTN: အလဲ့ တယ်စာတဲ့ဆိုပါလား၊ ထားဗျာ... ဘယ်လိုလုပ်ချင်တာလဲ
KZO: အခုလုပ်ချင်တာက၊ စာတန်းနဲ့ ဗိုလ်ချုပ်ပုံကို တွဲချင်တာ။ ဒါပေမယ့် စာတန်းက ဗိုလ်ချုပ်ပုံမှာ မရှိဘူး...။
HTN: ဆရာ... ကျုပ်ကို အရူးထောင်ထဲ သွားအောင်တော့ မလုပ်နဲ့နော်...
KZO: ဟာဗျာ... လုပ်ပါဘူးဗျာ... ဆရာကလဲ...။
HTN: ခင်ဗျားဟာက စာတန်းလည်းထိုးချင်တယ်၊ စာတန်းက ပုံမှာမရှိဘူးဆိုတော့... ကျုပ်တောင် ရူးချင်လာပြီလို့ ပြောတာ... ပြောတာ...။
KZO: ကဲ... ဒီလိုဗျာ... Bo Gyoke Aung San ဆိုတဲ့ စာတန်းထဲမှာ ပုံတွေထည့်ချင်တာ... ရှင်းပြီလား...။
HTN: ဂလိုကိုး... လွယ်ပါတယ်ဗျ၊ ပေး... ခင်ဗျားထည့်ချင်တဲ့ ဗိုလ်ချုပ်ပုံတွေ...
KZO: ဒီမှာရော့...

HTN: အိုကေဗျာ... ပထမဆုံးအဲဒီပုံတွေကို Color တူသွားအောင် Image> Adjustment> Hue/ Saturation (သို့မဟုတ်) Ctrl+U ကိုနှိပ်ပြီး အရောင်တူအောင်ပြောင်းမယ်ဗျာ။ အဲဒီမှာ Colorize Box ကို ရွေးထားဖို့ မမေ့နဲ့ဗျ။

KZO: တစ်ပုံချင်းစီ လိုက်ပြောင်းရမှာပေါ့
HTN: ဟုတ်တယ်။
KZO: ဘာဖြစ်လို့ အဲလိုလုပ်ရတာလဲဗျ...
HTN: ဟာ... ခင်ဗျားယူလာတဲ့ ပုံတွေက အရောင်ပါတာ၊ မပါတာတွေဆိုတော့ အားလုံးကို တစ်သမတ်တည်းဖြစ်သွားအောင် တစ်ရောင်တည်း ပြောင်းပစ်လိုက်တာပေါ့...။ ကဲ... ပြီးရင် ဒီလိုမျိုး တွေ့ရမယ်။

HTN: အဲဒါပြီးသွားရင် New File တစ်ခုဖွင့်ပြီး Wall Paper Size ကိုရွေးမယ်ဗျာ။ ပြီးရင် ခင်ဗျားလိုချင်တဲ့ Bo Gyoke Aung San ဆိုတဲ့ စာကို ရိုက်မယ်။ ဒီမှာတော့ Width ထူထူနဲ့ ခပ်ကြပ်ကြပ် Font ကို သုံးမယ်ဗျာ။ Background အရောင်ကိုတော့ အာဇာနည်ကို ကိုယ်စားပြုတဲ့ အနီရင့်ရောင်ကို သုံးမယ်ဗျာ။
KZO: ကောင်းတယ်ဗျာ...။
HTN: ပြီးသွားရင် Ctrl Key ကိုဖိပြီး အဲဒီ Text ရှိတဲ့ Layer ကို Select လုပ်မယ်။ ဒါဆိုရင် Text အနားသတ်အတိုင်းဖြစ်နေတဲ့ Marquee Selection ကိုရမယ်။ ဒီအတိုင်းဗျာ...။

HTN: အဲဒါပြီးရင် စောစောတုန်းက အရောင်ပြောင်းထားတဲ့ ဗိုလ်ချုပ်ပုံတွေကို ပြန်ဖွင့်မယ်။
KZO: ကဲ... ဖွင့်ပြီဗျာ...
HTN: ဟေ့လူ... အကုန်မဖွင့်ရဘူး၊ တစ်ပုံဆိုရပြီ၊ အဲဒီပုံကို Ctrl+A (သို့မဟုတ်) Select> All ကိုရွေးပြီ Copy ကူးမယ် Edit>Copy (သို့) Ctrl+C  ပြီးရင် ခုနက Text ရိုက်ထားတဲ့ Wall Paper File ထဲကို ပြန်ဝင်မယ်၊ အဲဒီမှာ ရိုးရိုး Paste မလုပ်ဘဲ... Edit> Paste Into (သို့) Shft + Ctrl+ V လုပ်မယ်။ ဒါဆိုရင် စောစောက Marquee Selection ထဲကို အဲဒီပုံဝင်သွားတာကို တွေ့လိမ့်မယ်။ ပုံနဲ့ Text ရဲ့ အရွယ်အစားကို လိုက်ပြီး ပုံကို Scale ချဲ့တာတို့ ချုံ့တာတို့ လုပ်ချင်လုပ်ရမယ်ဗျ။

HTN: အဲဒီအတိုင်းပဲ Text ရှိတဲ့ Layer ကို Ctrl နဲ့ဖိပြီး နောက်တစ်ခါ Marquee Selection ရအောင် ထပ်လုပ်မယ်၊ ပြီးရင် နောက်ထပ် ဗိုလ်ချုပ်ပုံတစ်ခုကို ဖွင့်ပြီး Copy ကူး၊ Paste Into ထပ်လုပ်မယ်။ ဒါဆိုရင် ဒီအတိုင်းထပ်တွေ့ရမယ်

KZO: ဟုတ်ပြီဗျာ...။
HTN: ဒီအတိုင်းပဲ နောက်ထပ် ဗိုလ်ချုပ်ရဲ့ပုံတွေကိုဖွင့်ပြီး Text ထဲမှာ ထည့်မယ်။
KZO: မိုက်တယ်ဗျာ...
HTN: ပြီးရင် ပိုအဓိပ္ပာယ်ရှိသွားအောင် ကြယ်ပွင့်တစ်ပွင့်ရယ် အားဖြည့်တဲ့ စာသားတွေကို ထည့်လိုက်မယ်။

KZO: မိုက်တယ်ဗျာ... မိုက်ပြီးရင်းမိုက်ပဲ...။ ဆရာက ချက်ချင်းကို လုပ်နိုင်တာပဲ။
HTN: ချက်ချင်းလုပ်နိုင်ဆို ကျုပ်အရင်က htooeainthin.com ဆိုက်ဒ်ကို ပေးဖို့လုပ်ထားတဲ့ ထူးအိမ်သင် Wall Paper တစ်ချပ်လည်း ဒီနည်းနဲ့ပဲ လုပ်ထားဖူးတာကိုး...။ အဲဒီမှာကတော့ Text ကို Blending Option ထည့်ပြီး Mirror Effect နည်းနည်းရယ်၊ Background ကိုလည်း Digital ဆန်ဆန်ပုံစံမျိုး နည်နည်း ခပ်ရှုပ်ရှုပ်လုပ်ထားတယ်။

KZO: မိုက်တယ်ဗျာ... အဲဒီက Mirror Effect ကို ဘယ်လို လုပ်သလဲဗျ။
HTN: အင်း... အဲ... ဒါကတော့... နောက်တစ်ခေါက်ကျရင် ပြောပြမယ်ဗျာ။ အခုလောလောဆယ်တော့ အာဇာနည်နေ့အတွက် အာဇာနည် Tutorial လေးနဲ့ပဲ ကျေနပ်ဗျာ။
KZO: ရပါတယ်ဗျ။ ကျုပ်က `ဆယ့်ကိုးဇူလိုင်  ´ ကိုအမှတ်တရလေးဖြစ်သွားအောင်ပါ။
HTN: `ဆယ့်ကိုးဇူလိုင် ငါနဲ့မဆိုင် ´
KZO: ဟား... ဟား၊ ဆရာက ပေါက်ကရပြောတော့မယ်၊ ကဲဗျာ၊ နောက်မှတွေ့မယ်... Wall Paper အတွက် ဆရာ့ကို နောက်မှ ရှယ်လာဧည့်ခံမယ်။
HTN: အေးဗျာ... ကြည့်လည်းသွားဦး၊ တော်ကြာ သမိုင်းလမ်းဆုံဘက်မှာ Rဇာနည် Selection အခွေရောင်းတဲ့သူနဲ့ တိုးလို့ ဒေါသထွက်မိနေဦးမယ်။
KZO: အဟား... ဟား၊ ဟုတ်ပါပြီဗျာ...။